မိုင်းပျဉ်းမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မိုင်းပျဉ်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုများပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အမှာစကားပြောကြားကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှဦးစီးအရာရှိကိုယ်စား ပစ္စည်းထိန်း(၅) ဦးသန့်စင်ဝင်းက မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ ပူကူးကျေးရွာတွင် စက်တင်ဘာလ (၁၁) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ကွန်ချောင်းရေကြီးကာ လူနေအိမ်/အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးခဲ့မှုများဖြစ်ပေါ်ခဲ့ပြီး ၎င်းရေဘေးသင့်ခံရသည့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေဘေးသင့် အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် ၆၅၀၀၀၀/-၊ ဆန်ရိက္ခာအတွက်တန်ဖိုးကျပ် ၇၁၄၀၀/-၊ စုစုပေါင်းငွေကျပ် ၇၂၁၄၀၀/-နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများလက်ဝယ်ထံသို့ အသီးသီး‌ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရေဘေးထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)