မြိတ် စက်တင်ဘာ ၂၈
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေး၊ စီးပွားရေး အထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝ တိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ်(၂၂)ပတ်ကာလအတွင်း သင်တန်းကျောင်းမှ သင် တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီး ခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန် စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင် စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့် သင်ခန်းစာများ သင်ကြားပေးခဲ့သည်။
ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးပြီး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်သင်ခန်းစာများနှင့် အဆင့်မြင့် ယဉ်ကျေးမှုဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်မှ(၁၈)ဦး၊ ကျွန်းစုမြို့နယ်မှ(၁၀)ဦးနှင့် တနင်္သာရီမြို့နယ်မှ(၂)ဦး စုစုပေါင်းသင်တန်းသူ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် သင်တန်းထူးချွန်ဆုရရှိကြသူများတွင် ပထမဆုရရှိသူအား အပ်ချုပ်စက် တစ်လုံး၊ ဒုတိယနှင့် တတိယဆုရရှိသူတို့အား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူ တစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စကိုက် (၂၉) ၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်း(၃၈)မျိုးကို ထောက်ပံ့ပေးခဲ့ပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)