မိတ္ထီလာ စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှု အခြေအနေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်က စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်သည် မိတ္ထီလာခရိုင်ရုံးနှင့် မိတ္ထီလာမြို့နယ်ရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဦးစီးမှူးသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ် ပို့ချခြင်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအား ဆွေးနွေးခြင်း၊ သင်တန်းတက်ရောက်လျက်ရှိသည့် ဆရာဆရာမများ၏ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ကောက်ကွက် ၇၁၂ ကွက်ရှိပြီး စာရင်းစစ် ၅၉ ဦးနှင့် စာရင်းကောက် ၂၂၃ ဦး စုစုပေါင်း ၂၈၂ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)