စဉ့်ကိုင် စက်တင်ဘာ ၂၈
နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လှမ်းမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အေးချမ်းသာယာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေရန်အတွက် စသည့်တို့ကိုရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ဆည်တပ်နယ်မှ စဉ့်ကိုင်မြို့နယ်ရှိ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ (ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ရာ ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ သကယဒုတိယကျောင်းအုပ်ကြီး၊ ဒုဗိုလ်မှူးကြီး တင်မျိုးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၊ စုစုပေါင်းအင်းအား (၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ သယက ဒုတိယကျောင်းအုပ်ကြီး ဒုတိယဗိုလ်မှူးကြီး တင်မျိုးဝေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်တို့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန် (၁၆၀)ပြည်၊ ဆီပိဿာ (၂၀)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ၎င်းနောက် ကျောက်ဆည်ခရိုင် တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်မှ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအနေဖြင့် ယခုလို မြို့နယ်အတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် နောင်တွင်လည်းစိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း စသည့် အကြောင်းအရာများကို နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စွာ (စဉ့်ကိုင်)