မန္တလေး စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက် သင်တန်းကို အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာ(၁၇)ရက်နေ့မှ(၂၈)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ပို့ချလျက်ရှိရာ ယနေ့နံနက်(၉)နာရီက သန်းခေါင် စာရင်းကောက်ယူခြင်းလက်တွေ့သင်ခန်းစာအတွက် သင်တန်းသား/သင်တန်းသူ (၁၅၆) ဦးက ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့ကြကြောင်း သိရသည်။
ထိုသို့ လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူသည့် ကောက်ကွက်များသို့ မြို့နယ်သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်နှင့်ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည်။
မဟာအောင်မြေမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုမှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် အီလက်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေး တို့ကို သင်ကြားပို့ချပေးလျက်ရှိရာ ယခုလက်တွေ့ ကွင်းဆင်းစမ်းသပ်ကောက်ယူခဲ့သည့် အတွေ့အကြုံများနှင့်အားနည်းချက်၊ အားသာချက်များကို သင်တန်းတွင် ပြန်လည် ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း