ကျောက်ဆည် စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများရရှိစေရန်၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများရရှိခြင်းဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းဖွံ့ဖြိုးလာစေရန်၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိလာစေရန်၊ ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဟံမြင့်မိုရ်ကျေးရွာတွင် ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBS) စီမံကိန်း၏ မျှော်မှန်းချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ပြီး မိသားစုအကျိုး၊ ဒေသစီးပွားအကျိုးစီးပွားများ အောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်း ရန်ပုံငွေများပေးအပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းကော်မတီဝင်များက လက်ခံရယူခဲ့ကြောင်းနှင့် ဟံမြင့်မိုရ်ကျေးရွာတွင် အိမ်ခြေ(၆၁၄)အိမ်၊ အိမ်ထောင်စု(၆၂၄)စု လူဦးရေ(၃၀၃၀)ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)