ပြင်ဦးလွင် စက်တင်ဘာ ၂၇
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အ.ထ.က(၂) တွင်ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်း ခရိုင်အဆင့် ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအား မိတ်ဆက်ပေးခဲ့ပြီး စာရေးဆရာကိုရွှေအောင်သင်းက“လူငယ်နှင့်အနာဂတ်နိုင်ငံတော်”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီးအဆိုပါ ဟောပြောချက် များနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းတာ၀န်ရှိသူများက မေးမြန်းချက်များ ဖြေကြားပေး ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ ခရိုင်ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ဒေါ်မေမီအောင်နှင့် ဒေါ်နန်းဆိုဖီယာတို့က မုဒိတာစကားပြောကြားခဲ့ကာ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ ရသပုံပြင်များဖတ်ကြားပြခြင်း၊ သုတ၊ရသစာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး(ခရိုင် ပြန်/ဆက်)