နေပြည်တော် စက်တင်ဘာ ၂၇
နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၄)အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်း နှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အတွက်အကျိုးရှိစေမည့် အခွင့်အလမ်းများ၊ ပြည်တွင်းပြည်ပပုဂ္ဂိုလ်များ ထုတ်လုပ်နိုင်သည့်လုပ်ငန်းများ စသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်စေလိုကြောင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၏ အဓိကစီးပွားရေး ရည်မှန်းချက်များလည်းဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးတို့ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)