ဥတ္တရသီရိ စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ(ခရိုင်အဆင့်) အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဥတ္တရခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဝင်းက KG+12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ်ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်တွက် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ဥပဒေရုံးမှ ခရိုင်ဦးစီးမှူး ဦးကျော်ဌေးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်အိခိုင်သဇင်ထွန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များပါ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံး၊ စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးက ရွေးကောက်ပွဲနှင့် ပထမအကြိမ်မဲပေးကြမည့် လူငယ်များအခန်းကဏ္ဍကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)