ပင်းတယ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သစ်အယ်ပင်ကျေးရွာ၊ ကုန်းပေါ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားကတော့ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အလှူငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့သည့် အလှူငွေများအနက်မှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလှူငွေကျပ် သိန်း(၂၀၀)ခွဲဝေရရှိခဲ့သည့်အနက်မှ သစ်အယ်ပင်ကျေးရွာ ပညာမြေစာကြည့်တိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေကျပ်သိန်း(၅၀)အား လှူဒါန်းပေးအပ်ပွဲအခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ဒေသအတွင်း ယခင်ကဖွင့်လှစ်ခဲ့တဲ့ စာကြည့်တိုက်များ ပြန်လည်ရှင်သန်နိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသအဆင့်စာကြည့်တိုက်ကြီးကြပ်ကြပ်မှုကော်မတီ၊ မြို့နယ်အဆင့်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီ၊ ကျေးရွာစာကြည့်တိုက်ကော်မတီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ သစ်အယ်ပင်ကျေးရွာ၊ ပညာမြေစာကြည့်တိုက်အား ပြန်လည်ရှင်သန်ရေးအတွက် ယခုလိုထောက်ပံ့ကူညီပေးခဲ့ကြသည့် စေတနာရှင်အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မာရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ မိမိတို့တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းပြောကြားသည်။
ထို့နောက် သစ်အယ်ပင်ကျေးရွာ “ပညာမြေ” စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရန်ပုံငွေကျပ် သိန်း(၅၀)နှင့် စေတနာရှင်အလှူရှင်များမှ ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်တစ်ဦးမှ လက်ခံရယူခဲ့ပြီး သစ်အယ်ပင်ကျေးရွာနေ ရပ်မိ/ရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့သည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)