ဘားအံ စက်တင်ဘာ ၂၆
ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် မိုးစပါးဧက ၃၅၃၉၁ ဧက ရေနစ်မြုပ်ခဲ့ကာ ၃၁၂၉၆ ဧက ထိခိုက်၍ ၁၄၄၆၁ ဧက ဒုတိယအကြိမ်ထပ်မံပျက်စီးခဲ့ရသည့်အတွက် ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ မိုးစပါးသီးနှံထိခိုက်ပျက်စီးတောင်သူများအား မျိုးစပါးနှင့် ဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း သီးနှံအထွက်တိုးရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့်လယ်ယာကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘားအံမြို့နယ်ရှိကျေးရွာအုပ်စု(၂၇)အုပ်စု၊ လှိုင်းဘွဲမြို့နယ်ရှိကျေးရွာအုပ်စု (၆) အုပ်စုတို့မှ မိုးစပါးထိခိုက်ပျက်စီး တောင်သူများအား မျိုးစပါးတင်း ၂၀၀၀(နှစ်ထောင်)၊ ယူရီးယားဓါတ်မြေဩဇာ ၂၅၀(နှစ်ရာ့ငါးဆယ်) အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကရင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် မျိုးစပါးတင်း ၁၀၀၀(တစ်ထောင်)ကို ထပ်မံမှာယူထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်းထိခိုက်ပျက်စီးမှုများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံတင်ပြ၍ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကာ လိုအပ်သည့် စက်သုံးဆီများကို တောင်သူများမှ သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ပြည်နယ်အတွင်း ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် စိုက်ပျိုးပြီးမိုးစပါး (၁၃၁၄၆)ဧက ပျက်စီးခဲ့ပြီး အဆိုပါလယ်မြေများပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် ထိခိုက်မိုးစပါးများအထွက်လျော့နည်းခြင်း မရှိစေရန် ပြည်နယ်အစိုးရက မျိုးစပါး (၃၅၂၀)တင်း၊ ယူရီးယားဓါတ်မြေဩဇာ(၇၅၀)အိတ်၊ ပိုတက်ရှ်ဓါတ်မြေဩဇာ(၅၀၀)အိတ်နှင့် ပိုးသတ်ဆေးဖျန်းပုံး(၁၀၀)ပုံးတို့ကိုဝယ်ယူ၍ တောင်သူများကို ဖြန့်ဖြူးထောက်ပံ့ပေးခဲ့ရာ မိုးစပါးပျက်စီးဧကများအားလုံး ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခုဒုတိယအကြိမ်တွင်လည်း ပျက်စီးဧကများအားလုံးနှင့် ထိခိုက်ဧကများ အထွက်နှုန်းလျော့နည်းခြင်းမရှိစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသောတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသောလယ်မြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)