မဟာအောင်မြေ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစုရုံး၌ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ သဘာပတိဥက္ကဋ္ဌ ဦးချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက သမဝါယမ အသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြုပြောကြားခြင်း၊ သမဝါယမအသင်းစုချုပ် အတွင်းရေးမှူးဦးသိန်းမြင့်က သမဝါယမအသင်းစု၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးမှူး ဒေါ်တင်တင်မူက သမဝါယမအသင်းစုနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးတင်ပြပြီး သမဝါယမအသင်းစုအဖွဲ့ဝင် ဦးသန်းထွန်းက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှုစာရင်းများအားလည်းကောင်း၊ သမဝါယမအသင်းစုစာရင်းစစ် ဦးမောင်မောင်မြင့်က အသင်းစာရင်းစစ် အစီရင်ခံစာများအား ဖတ်ကြားတင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက်၂ဝ၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင် ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခြင်း၊တက်ရောက်လာသည့် အသင်းဝင် ကိုယ်စားလှယ်များမှ နားမလည်သည်များအား မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ သမဝါယမသင်းများမှ အမှုဆောင်များ၏ အခြေခံပညာအထက်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော သား၊ သမီးများအား ဆုချီးမြှင့်ခြင်း၊ ချမ်းမြသာစည်မြို့နယ် သမဝါယမအသင်းစုသို့ အစုထည့်ဝင်ထားသော ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အစုပေါ်အမြတ်နှင့်အစုပေါ်အတိုးငွေများအား တာဝန်ရှိသူများမှ ပေးအပ်ကြောင်းသိရသည်။
အောင်ဇော်မင်း