ဗိုလ်တထောင် စက်တင်ဘာ ၂၆
ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၃)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးက ခရိုင်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းကောက်၊ စာရင်းစစ်များခွဲဝေချထားမှု၊ ပံ့ပိုးကူညီပေးရန်လိုအပ်ချက်များ၊ သင်တန်းဖွင့်လှစ်မှုအခြေအနေ၊ ကြိုတင်ဖြန့်ဝေဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အကြံပြုဆွေးနွေးကြသည်။
ဗိုလ်တထောင်ခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ(၁)ရက်မှ (၁၅)ရက်နေ့ထိ သင်တန်းဆင်း စာရင်းကောက်၊ စာရင်းစစ်များက ကောက်ယူကြမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်ဆက်)