ရပ်စောက် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဦးမြတ်သူက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက စာဖတ်ပါခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောချက်များအပေါ် မေးခွန်းများပြန်လည်မေးမြန်း၍ အဖြေမှန်သော ကျောင်းသား/ကျောင်းသူများကို အားကစားအင်္ကျီနှင့် ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးအား တာဝန်ရှိသူများက စာအုပ်စာစောင်နှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)