ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ မြန်မာနိုင်ငံတော်သီချင်းသီဆိုပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဒဂုံသီရိခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ကျောက်တံတားခရိုင်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ Grade-9 မှကျောင်းသား၊ ကျောင်းသူများက “ထာဝရသစ္စာ”တေးသီချင်းဖြင့် ဖျော်ဖြေပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံတော်သီချင်းကို မူလတန်းအဆင့်၊ အလယ်တန်အဆင့်၊ အထက်တန်းအဆင့်တို့မှ ကျောင်းသားကျောင်းသူလေးများကအဖွဲ့လိုက်သီဆိုယှဉ်ပြိုင်ကြရာယဉ်ကျေးမှုတက္ကသိုလ်မှ ပညာရှင်များက အကဲဖြတ်ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့်အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းကဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေအားလည်းကောင်း၊ ပြိုင်ပွဲတွင်အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသည့် ပညာရှင်များအားကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကလည်းကောင်း၊ ပါဝင်တီးခတ်ပေးကြသည့် တေးဂီတအဖွဲ့ကို ကျောင်းအုပ်ဆရာမကြီးကလည်းကောင်း အသီးသီးဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)