ပလောက် စက်တင်ဘာ ၂၄
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် အလွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပလောက်နယ်မြေမီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က ပလောက်မြို့၊ အခြေခံပညာ(အ-ထ-က)ပလောက်ကျောင်း(ခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခုလို သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြခြင်းနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရပါက လက်တွေ့အသုံးချနိုင်ရန် ဂရုတစိုက် နားထောင်စေလိုကြောင်း ပြောကြားပြီး၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ရေကြီး ပျက်စီးခဲ့သော် မိုးစပါးထိခိုက်မှုကို ပြန်လည်ကုသနည်းလမ်းများ၊ ကြိုတင်ကာကွယ်နည်းလမ်း များ ကိုရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ဟောပြောပွဲတွင် ပလောက်နယ်မြေမီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေးအကြောင်းဟောပြောရာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင်လိုက်နာရန် အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ၊ ရေဘေးအန္တရာယ်ကြုံတွေ့လာရလျှင် အရေးပေါ်သုံးပစ္စည်းများ အကြောင်းကို အကျယ်တဝင့် ဟောပြောပြီးနောက် မီးသတ်တပ်ကြပ် ဦးဝင်းမင်းထွေးက မုန်တိုင်းဘေးနှင့် မြေပြိုဘေးအကြောင်း အကျယ်တဝင့် ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ရေဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန် မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများနှင့် မိမိအိမ်နှင့်နီးစပ်ရန် ကယ်ဆယ်ရေးပစ္စည်းများ အသုံးချတက်စေရန် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်သည်။
ထို့နောက် ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ နံရံကပ် စာစောင်များခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရပြီး အဆိုပါအခမ်း အနားသို့ အခြေခံပညာ(အ-ထ-က)ပလောက်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)