ညောင်ဦး စက်တင်ဘာ ၂၃
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့ ပူးပေါင်းပြီး နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်သားစပ် အမှတ်စဉ်(၇/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ဒေါ်ခင်ချိုက နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်းသင်တန်းကို စက်တင်ဘာ ၂၃ ရက်မှ စက်တင်ဘာ ၂၇ ရက်နေ့အထိ ဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပြီး ညောင်ဦးမြို့နယ်မှ သင်တန်းသား(၁၀)ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ သင်တန်းသား(၁၅)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။ ညောင်ဦးခရိုင်အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများအား မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် နွားမေထုန်မဲ့သားစပ် ကျွမ်းကျင်သူအရေအတွက် တိုးပွားလာပြီး မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာရှင်များနှင့် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင် လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
မေထုန်မဲ့ နွားနှင့်ဆိတ်သားစပ်သင်တန်းသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ညောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာခင်ချို၊ ညောင်ဦးမြို့နယ်ဦးစီးမှူး ဒေါက်တာအေးသန္တာ၊ ကျောက်ပန်းတောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းလင်းနှင့် သင်တန်းသား (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း