ရန်ကုန် စက်တင်ဘာ ၂၄
နိုင်ငံခြားရေးဝန်ကြီးဌာနမှဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိဝန်ဇင်းမင်းရာဇာခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ရန်ကုန်မြို့၌ တက်ရောက်၍သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှပါမောက္ခဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂ဝ၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲနှစ်ခုဖြင့် ၂၃-၉-၂၀၂၄ ရက်နေ့မှ ၁၃-၁၂-၂ဝ၂၄ ရက်နေ့အထိ ရက်သတ္တ(၁၂)ပတ်ကြာဖြင့် ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းအသီးသီးနှင့်ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြမည်ဖြစ်သည်။ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)