လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

လိပ်သို စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြ စာအုပ်များ၊ ပုံပြင်စာအုပ်များနှင့်  မဂ္ဂဇင်းစာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက်  Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)