သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် (၂)လသင်တန်း ဖွင့်လှစ်သင်ကြား

သရက်ချောင်း စက်တင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများအမျိုးသမီးများအတွက် စက်ချုပ်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် (၂)လသင်တန်းကို စက်တင်ဘာလ၁ရက်နေ့မှစ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းအတွက် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး သင်တန်းနည်းပြဆရာမ ဒေါ်သက်သက်ဌေးက သင်တန်းသူများအား အဆင့်မြင့်အပ်ချုပ်စက်ပညာနှင့် အဝတ်အထည်ကိုက်နည်း/ချုပ်နည်းများကို စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြက်ထက် ကြီးကြပ်၍ ဝန်ထမ်းများကလည်း သင်တန်းသူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ နံနက်၉နာရီမှ ညနေ၃နာရီထိ စက်တင်ဘာလ ၁ရက်နေ့မှ အောက်တိုဘာလ ၃၀ရက်နေ့ထိ (၂)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်