တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ထားဝယ် စက်တင်ဘာ ၂၄

နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ၂ဝ၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးသန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သူများအား လှည့်လည်၍ ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံပြီး တာဝန်ရှိသူများအား စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများ၏ အခန်းကဏ္ဍနှင့် ကြိုးစားအားထုတ်မှု အရေးကြီးသည့်အတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ သင်တန်းတွင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃)ကွက်ကို စာရင်းကောက်ရန် လျာထား၍ စာရင်းစစ်၊ စာရင်းကောက်(၁၀၄၅)ဦးကို ခန့်အပ်တာဝန်ပေးအပ်ပြီး သမာရိုးကျ အိမ်ထောင်စုအတွက် စာရင်းစစ်များအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမ (၁၉၁)ဦး၊ စာရင်းကောက်များအနေဖြင့် ဆရာ/ဆရာမ (၇၆၄)ဦး၊ အဖွဲ့အစည်း ကောက်ကွက်အတွက် (တပ်ရင်း တပ်ဖွဲ့/ ရဲတပ်ရင်း/ အကျဉ်းထောင်/ သစ်တော) စာရင်းစစ်(၁၁)ဦး၊ စာရင်းကောက်(၁၉)ဦးအပြင် အရန် အဖြစ် စာရင်းစစ်(၂၁)ဦး၊ စာရင်းကောက်အတွက် (၃၉)ဦး စုစုပေါင်း စာရင်းစစ် (၂၂၃)ဦး၊ စာရင်း ကောက်(၈၂၂)ဦးအား အတည်ပြုခန့်ထာပြီးဖြစ်ကြောင်းနှင့် စမ်းသပ်သန်းခေါင်စာရင်းတွင် အသုံးပြုသည့် မေးခွန်း(၆၈)ခု ပါဝင်ပြီး အိမ်ထောင်စုမေးခွန်းနှင့် မေးခွန်း(၁၈)ခု ပါဝင်သည့် အဖွဲ့အစည်း မေးခွန်းများကို Tablet များဖြင့်အသုံးပြုကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင်တာဝန်ရှိသူများက သင်တန်းသား/သူ ၁၉၂ဦးအား သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ၊ သင်တန်းနည်းပြများအတွက် လမ်းညွှန်ချက်နှင့် မှတ်သားထားရမည့် အချက်များ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက် အခန်းကဏ္ဍနှင့် တာဝန်များ၊ CAP စနစ် မိတ်ဆက်သင်ခန်းစာ၊ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြည်ပ ရွေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်း၊ လုပ်သားအင်အားနှင့်မသန်စွမ်းမှု အကြောင်းအရာ၊ အဖွဲ့အစည်းအား စာရင်းကောက်ယူခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်းမှ အညွှန်းကိန်းများ စသည်တို့ကို စက်တင်ဘာ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်