ပြင်ဦးလွင် စက်တင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မိသားစုဝင်ငွေတိုးပွားစေပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ တစ်ဆင့် MSME လုပ်ငန်းများအထိ ချဲ့ထွင်နိုင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ အခြေခံလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းကိုယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအကြောင်းအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည် ။
အဆိုပါ သင်တန်းကို (၂၃-၉-၂၀၂၄) ရက်နေ့မှ (၇-၁၀-၂၀၂၄) ရက်နေ့အထိ သင်တန်းနည်းပြဆရာများမှသင်တန်းကာလ (၁၅) ကြာ ဝါယာရိန်းသွယ်တန်းခြင်း၊ ဝါယာရိန်းပြုလုပ်ခြင်း၊ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းများပြုပြင်နည်း၊ ဝါယာအရွယ်အစားရွေးချယ်ခြင်း၊ ဘရိတ်ကာများရွေးချယ်အသုံးပြုခြင်းနှင့် လျှပ်စစ်သွယ် တန်းခြင်းဆိုင်ရာလုပ်ငန်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချရာ သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)