ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပင်းတောက်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူများသည် နောင်အနာဂတ်၌ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာရန် ယခုအရွယ်မှစ၍ အသိပညာဗဟုသုတများကို ရှာမှီရမည်ဖြစ်ကြောင်း၊ စာဖတ်သောသူတိုင်း တိုးတက်သကဲ့သို့ တိုးတက်သောသူများမှ စာဖတ်ကြကြောင်း၊ ထို့နောက် ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က ယနေ့တိုးတက်လာသော ခေတ်စနစ်အရ နည်းပညာများမှာ လေ့လာ၍မကုန်နိုင်သည်ဖြစ်ရာ အချိန်ကို အကျိုးရှိစွာအသုံးချကြရန်၊ ခေတ်မီစက်ကိရိယာများမှသာမက စာပေဖတ်ရှုခြင်းအားဖြင့်လည်း အသိပညာဗဟုသုတများစွာ ရရှိစေနိုင်ပြီး အမှားအမှန် ခွဲခြားသိမြင်လာနိုင်ကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းတုံခရိုင်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသော မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးအန္တရာယ်နှင့် ဆိုးကျိုးများဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)