သန်လျင်ခရိုင်၌ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်သင်တန်းဖွင့်လှစ်

ရန်ကုန် စက်တင်ဘာ ၂၄

သန်လျင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်သင်တန်း (၂/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်တွင် သန်လျင်မြို့ရှိ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသင်တန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မှီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များမွေးမြူနိုင်ရန် သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲ စသည့် မွေးမြူရေးကဏ္ဍများအတွက် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အောင်မြင်အောင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမင်းညွန့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တံတားမြို့တို့မှ သင်တန်းသား(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်အတွင်းရှိ မွေးမြူရေးခြံများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ