အ.ထ.က မိုင်းနောင်ကျောင်းတွင် KG တန်းကလေးငယ်များ စျေးရောင်းခြင်း သင်ခန်းစာလက်တွေ့ဆောင်ရွက်

မိုင်းနောင် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်း သားငယ်၊ သမီးငယ်များအား စျေးရောင်းခြင်းသင်ခန်းစာကို လက်တွေ့ဆောင်ရွက်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စျေးရောင်းခြင်း သင်ခန်းစာ လက်တွေ့ဆောင်ရွက်ခြင်းကို မူလတန်းပြဆရာမ ဒေါ်နန်းနုနုနွမ်းက စီစဥ်ကာ KG တန်း သားငယ်၊ သမီးငယ်များ ငွေ၏တန်ဖိုးကိုသိရှိစေရန်၊ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား ပါဝင်သော သင်္ချာဘာသာရပြ၏ သဘောတရားကို နားလည်စေရန်၊ လူနေမှုဘဝအတွက် နေ့စဥ်လိုအပ်နေသော စားဝတ်နေရေးကိစ္စများကို အလေးအနက် ထားတတ်စေရန်၊ သားငယ်သမီးများအားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင်တတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းထံမှ သိရသည်။

အဆိုပါ KG တန်း သားငယ်၊သမီးငယ်များ လက်တွေ့စျေးရောင်းခြင်းသင်ခန်းစာဆောင်ရွက်ရာ စျေးတန်းနေရာသို့ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)