မောက်မယ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းကောက်/စာရင်းစစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အစီအမံများအား ရှင်းလင်းပြောကြားကာ ပြည်နယ်အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သော ဆရာကြီးဦးသက်နိုင်ဝင်းက လူဦးရေနှင့် သန်းခေါင်စာရင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
လာမည့် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်းအား အဆင်ပြေချောမွေ့စွာကောက်ယူနိုင်ရေးအတွက် မောက်မယ်မြို့နယ်တွင် စာရင်းကောက်ကွက်ပေါင်း (၁၄၂)ကွက်တို့၌ စာရင်းကောက်/စာရင်းစစ် (၅၅)ဦးတို့က စနစ်တကျကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းအား (၁၀)ရက်အထိ ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)