မိုင်းယု စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုဒေသတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကျေးရွာတို့မှ မိမိတို့ဘုန်းကြီးကျောင်းများ၌ ရှမ်းရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဋ္ဌာန်း) ပွဲတော်ကို ဝါခေါင်လဆုတ်မှစတင်၍ တော်တလင်းလဆုတ်ထိ ရက်အလှည့်ကျဆီဖြင့် ကျင်းပပြုလုပ်နေကြသည်။
မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေဿန္တရာ ဇာတ်တော်ခင်းပွဲ (တန်းဋ္ဌာန်း)ပွဲတော်ကို နှစ်စဉ် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ကျင်းပလေ့ရှိကြပြီး ယင်းပွဲတော်ကို ယခင်နှစ်က အလှူပြုသူ (သေဆုံးသူမိသားစုဝင်)များမှ ပထမရက်တွင် ခင်မင်ကြသည့် မိတ်ဆွေများကို ဖိတ်ကြား၍ မိမိတို့အိမ်၌ ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ကြသည်။
ထို့နောက် ဒုတိယရက်တွင် မိမိတို့ ရပ်ကွက်/ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ တရားတော်များကို ပွဲတော်ပြီးမြောက်သည်အထိ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံ အိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ဆင်ရုပ်များ၊ ရှမ်းရိုးရာဝတ်စုံအမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ် လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ပုံးငယ်အတွင်းထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာအားထုတ်ခြင်းနှင့် အလှူရှင်တို့အား ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် ကုသိုလ်ပြုလုပ်ကျင်းပကြသည့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ဝေဿန္တရာ ဇာတ်တော်ခင်းပွဲ (တန်းဌာန်း) ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်