တပ်ကုန်း စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကြောင့် ယာယီပိတ်ထားသည့် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းနှင့် အနော်ရထာရပ်ကွက်(ရွာသစ်) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းများပြန်လည်ဖွင့်လှစ် စာသင်ကြားနိုင်ရေး အရှိန်အဟုန်မြှင့်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ်သည့် စာသင်အဆောင်များနှင့် အနော်ရထာရပ်ကွက်(ရွာသစ်) အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ဆောင်များနှင့် ကျောင်းဝန်းအတွင်း ရေများကျဆင်းသွားခဲ့ပြီးနောက် တင်ကျန်ရစ်သောရွှံ့နွံများ၊ အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဖယ်ရှားဆောင်ရွက်နေမှုနှင့် မီးသတ်ယာဉ်ဖြင့် သန့်ရှင်းရေးအတွက် ရေများ၊ သောက်သုံးရေ ဖြည့်တင်းပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများကြည့်ရှုပြီး၊ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းမြို့နယ်အတွင်း ရေဘးသင့်ခံရသည့် ကျောင်းပေါင်း ၂၄ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်