မြဝတီမြို့၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်ပိုမိုမြင့်မားပြီး  ပြင်ပစာပေဗဟုသုတကြွယ်ဝစေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော

မြဝတီ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဝါးတော) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်များအနေဖြင့် လိမ္မာရေးခြားရှိစေရေး  အသိပညာ၊အတတ်ပညာသာမက  ပြင်ပစာပေဗဟုသုတများ လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ ပညာဖြင့်သာ အမှားနှင့် အမှန် ခွဲခြားသိမြင်နိုင်မည်ဖြစ်၍ မိမိဘဝ ရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်အောင်က ပတ်ဝန်းကျင်လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှုမှ ကာကွယ်နိုင်ရန် ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်က တစ်ဦးတစ်ယောက်ချင်းမှစ၍ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရမည့်အကြောင်းအရာများကိုလည်းကောင်း ကဏ္ဍအလိုက် ဟောပြောပေးသည်။

ထို့နောက် ဟောပြောပေးသည့် အကြောင်းအရာအလိုက် ပြန်လည်မေးမြန်းခဲ့ကြရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဖြန့်ဝေပေးသည့် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရမည့် အသိပညာပေးလက်ကမ်းစာစောင်များကို စိတ်ပါဝင်စားစွာ  လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)