ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြိုနယ် ကုန်းသာကျေးရွာနှင့် လိုက်ကတူးကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

ဟိုပုံး  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၉)ကြိမ်မြောက် ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်လင်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာနှင့် လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ‌ဒေါ်လွင်လွင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်းရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဦးက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဒေသဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိတို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖွဲ့ဝင်များက ပေါင်လင်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၄၁)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၅)ဦးအတွက် ငွေကျပ် (၄၉၁)သိန်းကိုလည်းကောင်း၊ လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၄၆)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂)ဦး၊ ငွေကျပ်(၆၅၅.၅)သိန်းကိုလည်းကောင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူးနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ချေးငွေယူထားသည့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း(၆၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးစိုးလွင်မြင့်ထံမှသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)