ကျိုင်းတုံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်သန်းခေါင်းစာရင်း ကော်မတီအဖွဲ့ဝင်များက ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် နီးကပ်လာပြီးဖြစ်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲသို့ သွားရောက်ပြီး သင်တန်းများနှင့်တွေ့ဆုံ၍ သင်တန်းကာလ ပြီးမြောက်ပါက မြေပြင်ကွင်းဆင်း၍ စာရင်းစစ်၊ စာရင်းကောက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ ချိတ်ဆက်၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)