ဒဂုံ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ မြတ်ပညာနှင့်အားကစားပညာဆိုင်ရာဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂) ဦးမြင့်အေးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီးဦးကိုကိုနိုင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စန်းမှ ပညာ၏အရေးပါပုံကို ရှင်းလင်းပြောကြားခြင်း၊ ဒေါက်တာနန္ဒကျော်စွာမှ အတွေးအခေါ်တွေမှန်ကန်ဖို့ စာကြည့်တိုက်ကိုသွားပြီး စာဖတ်ကြရန်နှင့် အားကစားစွမ်းအားဖြင့် နိုင်ငံဂုဏ်ဆောင်ကြပြီး တစ်မျိုးသားလုံးကျန်းမာကြံခိုင်ရေးနှင့်ပညာရည်မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်ကြဖို့အကြောင်းအရာများကို အကျယ်တ၀င့်ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဟောပြောချက်နှင့်ပတ်သက်၍မေးမြန်းရာ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ဖြေဆိုနိုင်သူများကိုဆုများချီးမြှင်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှတာ၀န်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်ပညာရေးဌာနမှတာ၀န်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရွှေတံဆိပ်ဆုရအားကစားသမားများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ အင်အားစုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတက်ရောက်လာသော မြတ်လေးရုံမိသားစုနှင့်မြန်မာ့အားကစားသမားများမှ စာအုပ်များကို ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)