ကျွန်းစုမြို့တွင် ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စပ်လျဉ်း၍ အသိပေးနှိုးဆော်

ကျွန်းစု  စက်တင်ဘာ    ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မိုးရွာသွန်းမှုကြောင့် လျှပ်တပြက်ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပြည်သူများအား ရေဘေးအန္တရာယ်ဖြစ်ပွားရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များကို မြို့ပေါ်ရှိရပ်ကွက်များ၌ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်ကြောင့် ယခုရက်ပိုင်းအတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)