ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

ကျွန်းစု စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကပကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား (၁၅) ဦးဖြင့် (၁) လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ရာ သင်တန်းသားထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ဌာနဆိုင်ရာများက smart village ကျေးရွာနှင့် ပတ်သက်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်အစိုးရမှ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” မြို့နယ်ကျေး/လက်ဦးစီးဌာနမှ သိရသည်။

ထက်မြင့်(ကျွန်းစု)