မြိတ်မြို့တွင် သဘာဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

မြိတ်    စက်တင်ဘာ  ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့် တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ(၂၀)ရက်နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးတွင် မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးမော်တော်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်၊ လူနာတင်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းမျိုးစုံနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ကို စုဖွဲ့ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ မြိတ်ခရိုင်မီးသတ်ဦးစီးဌာန၏ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်များဖြင့် ရေဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှုနှင့်မြိတ်မြို့ သစ်ယာဝရေဆင်းတံတား ကမ်းနားရေပြင်တွင် ရေယာဉ်များဖြင့်ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရေယာဉ်မောင်းနှင်ဆောင်ရွက်နေမှုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)