နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၀       

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီများအနေဖြင့် စီမံချက်ပါအတိုင်း လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးများအားကြိုတင်မျှော်မှန်းပြီး ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရားများ၊ လူအင်အားများကိုစနစ်တကျစုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း စနစ်တကျပြည့်စုံအောင်ဆောင်ရွက်ထားရန်လိုကြောင်းနှင့် သတိပေးချက်များမပြတ် ထုတ်ပြန်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ စားရေရိက္ခာများတို့ကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ ရေလွှမ်းမိုးမှုနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန်နှင့် စက်ယန္တရားအင်အားများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေဘေးသင့်အဆောက်အဦများ၊ ပြည်သူများအားထောက်ပံ့ကြေးများပေးအပ်နိုင်ရေးအတွက် စာရင်းဇယားများတိကျမှန်ကန်စွာ ပြုစုဆောင်ရွက်ရန်လိုကြောင်း၊ လမ်းမကြီးများ၊ လမ်းများဘေးရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အမြန်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)