တာလေမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တာလေ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၁၅၀) ကို သယ်ဆောင်၍  မြို့နယ်ခွဲစည်ပင်သာယာ‌ရေးဌာနနှင့် အ.ထ.က (တာလေ) ရှိ ဆရာ၊ ဆရာမများနှင့် အမှတ်(၃)ရပ်ကွက်နေပြည်သူများထံမှ ယခင်အပတ်ငှားရမ်းထားသော စာအုပ်၊ စာစောင်များ ပြန်လည်အပ်နှံမှုကိုလက်ခံခြင်း၊ စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် စာချစ်သူမိဘပြည်သူများနှင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များအဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးလရောင် (ပြန်/ဆက်)