မိုင်းယောင်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီတို့၏ဦးဆောင်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ “အလင်းသစ်”စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ဦးစွာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသက်နောင်ထူးက အမှာစကားပြောကြားပြီး ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တာဝန်ခံ ဒေါ်နန်းပန်က စာအုပ်လှူဒါန်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာအုပ်လှူဒါန်းပေးမှုအတွက် ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းသောင်းငွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူးက ဝမ်ပုံကျေးရွာ “အလင်းသစ်” စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ရပ်မိရပ်ဖ ဦးနွဲ့ယဲန်းက လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း