မဟာအောင်မြေ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့မွန်းလွဲ ၁နာရီက ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။
ရှေးဦးစွာ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက အနာဂတ်လူငယ်မျိုးဆက်သစ်များကို အခြေခံပညာအရွယ်ကစ၍ စာဖတ်သည့် အလေ့အထနှင့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ အခြေခံပညာမှ အဆင့်မြင့်ပညာအထိ အတန်းစဉ်အလိုက် ဘက်စုံထူးချွန်ထက်မြက်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ ထိုမှတစ်ဆင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများစွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာလူရည်ချွန်များ ထွက်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးမျိုးဝင်းဦးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ပညာ၏တန်ဖိုးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး ဟောပြောကြသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးမျိုးဝင်းဦးက အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာဦးထွန်းမြင့်အောင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပြဘုတ်များနှင့် သုတရသစာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း