ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘဆရာအသင်းအမှုဆောင်အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများမှ စုပေါင်း၍ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း၌ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ ပြည်ကြီးမဏ္ဍိုင်မြို့၊ တောင်ပေါ်ကျောင်းတိုက် ဆရာတော် ဝံနိတနှင့်ပင့်သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထိုနောက် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွက်ဆိုပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော် ဝံနိတထံမှ ငါးပါးသီလခံယူ တည်ဆောက်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ဝံနိတထံမှ ရေစက်ချအနုမောဒနတရား နာယူကြည်ညိုကြကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)