နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများအနေဖြင့် စီမံချက်ပါအတိုင်း လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးများအား ကြိုတင်မျှော်မှန်းပြီး ကူညီကယ်ဆယ်ရေးအတွက် စက်ယန္တရားများ၊ လူအင်အားများကို စနစ်တကျစုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း စနစ်တကျပြည့်စုံအောင် ဆောင်ရွက်ထားရန်လိုကြောင်းနှင့် သတိပေးချက်များမပြတ် ထုတ်ပြန်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စားရေရိက္ခာများတို့ကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ ရေလွှမ်းမိုးမှုနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်နှင့် စက်ယန္တရားအင်အားများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရေဘေးသင့်အဆောက်အဦများ၊ ပြည်သူများအား ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေးအတွက် စာရင်းဇယားများ တိကျမှန်ကန်စွာ ပြုစုဆောင်ရွက်ရန်လိုကြောင်း၊ လမ်းမကြီးများ၊ လမ်းများဘေးရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အမြန်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)