ဝမ်းတွင်းမြို့နယ်၌ အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဥာဏ်ရည်ဥာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲ၌ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဆရာမများက ဒိုင်းဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်စိုးစိုးအေး၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်းတွင်း-၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော နံရံကပ် စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)