ထားဝယ် စက်တင်ဘာ ၁၉
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၆)အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထက်နောင်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သောလူငယ်များ ဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသော စာပေနှင့်အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊ စာပေများကို ဖတ်ရှု့လေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/သူအချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၆)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြသည့် Grade-11 ကျောင်းသား မောင်ဆက်ကောင်းလွင်က လူငယ်နှင့်အားကစား၊ Grade-9 ကျောင်းသူ မမိုးသဇင်ထွေးက လူငယ်နှင့် စာရိတ္တ၊ Grade-9 ကျောင်းသူ မစီဆိုင်းဇီက လူငယ်နှင့် ကျန်းမာရေး၊ Grade-11 ကျောင်းသား မောင်ကောင်းမြတ်ပြည့်စုံက လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိမ်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)