သရက်ချောင်းမြို့နယ်၌ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

သရက်ချောင်း စက်တင်ဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား ယနေ့နံနက် ၈ နာရီ အချိန်က သရက်ချောင်းမြို့၊ မြို့နယ်စည်ပင်သာယာဈေးအတွင်း/အပြင်နှင့် ပန်းတောလမ်းဆုံတို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ပြည်သူများအား မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ သတိပြုနေထိုင်ကြရန်နှင့် မိမိတို့ဒေသသည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်‌ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ငယ်၊ ချောင်းငယ်နှင့် ပင်လယ်ကမ်းအနီးတွင် နေထိုင်ကြသူများကလည်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန်၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန်၊ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် စသည့်ဖြင့် လိုအပ်သည်များကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)