ဝမ်းတွင်းမြို့နယ်၌ ရေဝင်ရောက်ခဲ့သော အခြေခံကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်

ဝမ်းတွင်း စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စက်တင်ဘာလ (၁၁) ရက်မှ (၁၄) ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဝင်ရောက်ခဲ့သော အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်လျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ စက်တင်ဘာ(၁၁)ရက်နေ့မှ စတင်ကာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် တစ်ချို့သော အခြေခံပညာကျောင်းများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအချိန်တွင် ကျောင်းသား/သူများ ပညာကို စိတ်အေးချမ်းပျော်ရွှင်စွာ ဆက်လက်သင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်သူများနှင့် ပူးပေါင်းကာ ရေဝင်ရောက်ခဲ့သော ကျောင်းများတွင် စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဌေးလှိုင်(ဝမ်းတွင်း)