ပန်းဘဲတန်း စက်တင်ဘာ ၁၉
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဧကရီခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောက်တံတားခရိုင်၊ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသောလူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ကောက်ယူသွားမှာဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့်လူဦးရေဆိုင်ရာအကြောင်းအရာ၊ စာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတို့ကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်း ကောက်ယူသောလုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏကြီးမားသလို ငွေကြေးကုန်ကျမှုလည်းများပါကြောင်း၊ ယခု၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာဖြစ်ပြီး CAPI လို့ခေါ်သည့်နည်းပညာနဲ့ Tablet အသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့် အတွင်းရေးမှူး ရဲမှူးဇော်မင်းဦး၊ မြို့နယ်သန်းခေါင်စာရင်း အတွင်းရေးမှူးဦးအောင်ကျော်သူတို့မှ သင်တန်းသားများထံသို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်၏စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြိုနယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ လူမူရေးအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်သန်းသား၊ သင်တန်းသူ (၁၂၄) ဦး၊ တက်ရောက်ကြပြီး သင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာကျော် (ပြန်/ဆက်)