ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိ

ပျော်ဘွယ် စက်တင်ဘာ ၁၉

ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများရှိ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အချို့ရုံးများသို့ ရေဝင်ရောက်ခြင်း၊ လမ်းမများပေါ်၌ သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ပေါ်ခဲ့ရသည်။

ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်မျာက ဦးဆောင်၍ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက "ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနေနဲ့ မိုးရွာသွန်းမှုရပ်တန့်ခဲ့တဲ့ နေ့ကစပြီး ရေနစ်မြုပ်ခဲ့တဲ့ သာသနိကအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာပါဝင်ဆောက်ရွက်ပေးလျက်ရှိပါတယ်" ဟု ရှင်းပြသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အချိန်တွင်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသလို ပြန်လည်ထူထောင်ရေးကာလတွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)