ပုဗ္ဗသီရိမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သော ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးများ စတင်ဆောင်ရွက်

ပုဗ္ဗသီရိ စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း ယခင်ရက်များက ဆင်သေချောင်းဘေးဝဲယာရှိ ရွာတော်ကျေးရွာအုပ်စု၊ ချောင်းစောက်‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဝင်ရောက်မှုကြောင့် လူနေအိမ်နှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အခြားအဆောက်အအုံများ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ  ရေများကျဆင်းသွားပြီး အ​မြင့်ပိုင်းကျေးရွာအချို့တွင် လမ်းများ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ပုဗ္ဗသီရိမြို့နယ်အတွင်း ရေဝင်ရောက်ခဲ့သည့် ကျေးရွာဖြစ်သည့် ရွာတော်ကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နုန်းများအား ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ တပ်မတော်ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်မှ တပ်မတော်သားများစုပေါင်း၍ နုန်းများဖယ်ရှားကာ သန့်ရှင်းရေးဆောင်ရွက်နေရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးကာ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)