မိုင်းရှူး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စက်တင်ဘာ ၁၉ ရက်နေ့တွင် တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာမည့်မုန်တိုင်းသည် ထိုင်းနိုင်ငံမှရှမ်းအရှေ့သို့ ဝင်ရောက်ပြီး စက်တင်ဘာ၂၂ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်မှ ဝင်ရောက်မည့်မုန်တိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် သွားရောက်ဆုံဆည်းပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ရေကြီးရေလျှံခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်နိုင်သည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်ဦးစီးဌာနတို့က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩခဲ့သည်။
အဆိုပါ ဆော်သြရာတွင် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှုး တင်ထွေးဇော်နှင့်အဖွဲ့ဝင်များက မြစ်ချောင်းအနီးနေထိုင်ကြသော မိဘပြည်သူများအား ရေကြီးရေလျှံဘေးမှကာကွယ်ရန် ရေလွတ်ရာနေရာ(သို့မဟုတ်)အခြားသင့်လျှော်သည့်နေရာသို့ ပြောင်းရွေ့ထားကြရန်၊ အရေးပေါ် Life jacket၊ ဘောကွင်း၊ ရေပုံးခွံများ၊ လက်နှိပ်ဓါတ်မီးနှင့်အခြားအရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ဆောင်ထားရန်၊ ရေကြီးရေလျှံမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက တိရစ္ဆာန်များအား ချည်နှောင်ထားခြင်းမပြုလုပ်ရန်၊ တောင်ပေါ်တောင်အောက်အနီးနေထိုင်သူများအနေဖြင့် မြေပြိုခြင်းအန္တရာယ်များဖြစ်ပွားနိုင်သဖြင့် ဘေးလွတ်ရာသို့ ကြိုတင်မျှော်မှန်းပြောင်းရွေ့ကြရန်၊ လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်များပြိုလဲခြင်း၊ ခေါင်အမိုးလှန်ခြင်းစသည့် သဘာဝဘေးများဖြစ်နိုင်သည့်အတွက် လေဒဏ်၊မိုးဒဏ်ခံနိုင်သော အဆောက်အဦအတွင်းနေထိုင်ကြရန် မြို့ပေါ်ရပ်ကွက်၊ လူစည်ကားရာအရပ်များ၌ ယမန်နေ့ ညနေပိုင်းက သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေး လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)