သင်္ဃန်းကျွန်း စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စီစဉ်ဖွင့်လှစ်သော မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအား သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များသည် မြို့နယ်အဆင့် သင်တန်းနည်းပြများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၂၀၀)ဦး၊ နည်းပြ(၉)ဦးနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၀င်များ၊ ကြက်ခြေနီအဖွဲ့၀င်များ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာမများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သိန်းအောင်